Credit Score နဲ့ပတ်သက်ပြီး လူမေးများကြတဲ့ အချက်ငါးချက်ကို အရှင်းဆုံးနဲ့ နားလည်ရလွယ်အောင် ဖြေထားပေးပါတယ်။
သင့်အတွက် အသုံးဝင်တယ်၊ သဘောကျတယ်ဆိုရင် အသဲလေး ပေးခဲ့ပြီး မသိသေးတဲ့ သူတွေ သေချာ နားလည်သွားအောင်လို့ Share လေးတစ်ချက်နဲ့ မျှဝေပေးခဲ့ပါဦး။
OK စလိုက်ရအောင် …

Credit Score ဆိုတာဘာလဲ ?
Credit Score ဆိုတာကတော့ Mobile Legends ထဲမှာ ဆေးထိုးတဲ့ Player တွေလျော့နည်းသွားအောင် အရေးယူနိုင်ဖို့ ထည့်သွင်းထားပေးတဲ့ ဆုပေးဒါဏ်ပေး စနစ်တစ်ခု ဖြစ်ပါတယ်။ တမင်သက်သက်အသေခံတာ၊ Afk လုပ်တာ၊ အစရှိတာတွေကို System ကထောက်လှမ်းမိရင် ၊ တခြားကစားသူတွေက Report တင်ရင် Credit Score အမှတ်ကို နှုတ်ပစ်ခြင်းဖြင့် အရေးယူပါတယ်။ သတ်မှတ်ထားတဲ့ Credit Score အမှတ်အောက် ရောက်လို့ရှိရင် MCL / Rank … စတာတွေကို ဆော့ကစားခွင့် ပိတ်ခြင်းဖြင့် အပစ်ပေးပါတယ်။ Credit Score အပြည့်ရှိရင် Battle Point ရှာနိုင်တဲ့ ကန့်သတ်ချက်ကို တိုးပေးတာ၊ Battle point ပိုရတာ၊ ကြယ်ကာကွယ်ခြင်း ကြယ်တိုးခြင်း အမှတ်ေတွကို ပိုမိုရရှိနိုင်တာ စသည့်ဖြင့် အခွင့်အရေးတွေပေးပါတယ်။

Credit Score ဘာလို့ ကျရလဲ ?
Credit Score ကျရတဲ့ အကြောင်းအရင်းကတော့ အရှင်းဆုံး ပြောရရင် တခြားသူတွေကို အနှောက်အယှက်ဖြစ်စေလို့ (ဝါ) ဆေးထိုးလို့ပါ။ ဆေးထိုးတဲ့ လုပ်ရပ်တွေထဲမှာမှ အဓိက Credit Score အနှုတ်များဆုံး လုပ်ရပ် သုံးခုရှိပါတယ်။
1. Afk (အချိန်ကြာမြင့်စွာ ကစားပွဲကနေထွက်ခွာသွားတာ)
2. Feeding (တမင်သက်သက် အသေခံတာ)
3. Poor Performance (ကစားပုံ အလွန်အမင်း ညံဖျင်းတာ)
စတဲ့ သုံးချက်ပဲဖြစ်ပါတယ်။ ( Poor Performance ကိုတော့ Rank အနိမ့်တွေမှာဆိုရင် အရေးမယူပါဘူး။)
အထက်ပါ လုပ်ရပ် သုံးခုထဲက တစ်ခုခုကို တစ်ကြိမ် လုပ်မိတာနဲ့ Credit Score ၅ မှတ်နှုတ်ပါတယ်။ နောက်ထပ် ထပ်လုပ်နေခဲ့ရင်တော့ Credit Score ၁၀ မှတ်ထိနှုတ်ပါတယ်။ ကိုယ် အဲ့ဒီလိုလုပ်မိတာကို တခြားကစားသမားတစ်ယောက်က Report ထုရင် ၂ မှတ် နဲ့ သုံးယောက်ထပ်ပိုပြီး Report လုပ်ပါက ၇ မှတ် ထိ ထပ်တိုးပြီးနှုတ်ပါတယ်။
Report ထုတဲ့အခါ သူလုပ်တဲ့အပြစ်ကို (Afk ဆို Afk , Feeding ဆို Feeding စသည်ဖြင့် … ) မှန်ကန်စွာ ရွေးချယ်ဖို့တော့ လိုပါတယ်။
တခြားသော Credit Score နှုတ်ခံရနိုင်တဲ့ လုပ်ရပ်တွေဖြစ်တဲ့ ကစားပွဲရှာပြီး မဝင်တာ၊ ရိုင်းစိုင်းစွာပြောဆိုတာ စတာတွေကတော့ ၁မှတ် ၂မှတ် လောက်ပဲ နှုတ်တာမို့ ထည့်မပြောတော့ပါဘူး။

Credit Score ကျရင်ဘာဖြစ်မလဲ ?
Credit Score အမှတ် ၉၀ အောက်ကို ရောက်ရင် Rank ဆော့ခွင့်ပိတ်ပါတယ်။ Credit Score အမှတ် ၆၀ အောက် ရောက်နေပါက Classic , Brawl ပွဲများကိုပါ ဆော့ကစားခွင့် ပိတ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Credit Score အမှတ် အလိုက် Battle Point ရပိုင်ခွင့်တွေကိုလဲ လျော့ချပါတယ်။
Credit Score စနစ်အသစ်မှာ ပါလာတဲ့ Credit Score Deduction Rate အရ Credit Score အမှတ်ပြန်ရှာရတာ ခက်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ Credit Score အမှတ်ကို တန်ဖိုးထားစေချင်ပါတယ်။

Credit Score ပြန်တင်ရတာ ဘာလို့ခက်နေလဲ ?
အားလုံးသိထားတဲ့အတိုင်း တစ်နေ့တစ်ခါ Game ထဲဝင်ခြင်းဖြင့် Credit Score အမှတ် ၁မှတ် ရနိုင်ပါတယ်။ Game တစ်ပွဲကို ကောင်းမွန်စွာ ဆော့ကစားပြီးပါက ၁မှတ်ရပါတယ်။ ဆိုတော့ကာ VSAI မှာ ကောင်းကောင်း သွားဆော့ပြီး Credit Score ပြန်တင်လို့ရပါတယ်။
ဒါပေမယ့် ဆေးထိုးလိုက် VSAI အားကိုးနဲ့ ပြန်ရှာလိုက် လုပ်တက်တဲ့ ဆေးသမားတွေကို ထိန်းချုပ်နိုင်ဖို့ Credit Score Deduction Rate အပေါ်မူတည်ပြီး Credit Score အမှတ်ပြန်ရှာနိုင်စွမ်းကို ကန့်သတ်ထားပါတယ်။ Deduction Rate 3% ရှိတဲ့သူတစ်ယောက်က တစ်နေ့ကို Credit Score ၁၂ မှတ်သာ ရှာလို့ရမှာဖြစ်ပြီး Deduction Rate 10% ထက်ကျော်နေပါက တစ်နေ့ကို Credit Score ၃ မှတ်သာ ရနိုင်မှာဖြစ်ပါတယ်။ ( Credit Score Deduction Rate က ကိုယ်အရင်က ကစားထားတဲ့ ပွဲတွေမှာ ဆေးဘယ်လောက်ထိုးခဲ့ဖူးလဲဆိုတာကို မူတည်ပြီး တွက်တာပါ။)
ဆိုတော့ကာ ဆေးခဏခဏထိုးလို့ Deduction Rate 10% ကျော်နေတဲ့ Player တစ်ယောက်က Credit Score အမှတ် ၉၀ ကနေ ၁၀၀ လောက်ပြန်တင်ဖို့ လေးရက်တောင် ကြာမှာဖြစ်ပါတယ်။ ( ငလူး စိတ်တောင်မကောင်းဘူး )

Credit Score မကျအောင် ဘယ်လိုလုပ်သင့်လဲ ?
အရှင်းဆုံးပြောရရင် ကောင်းကောင်းဆော့ပါ ဘယ်လိုအကြောင်းပြချက်နဲ့မှ ဆေးမထိုးပါနဲ့။ အများစု Credit Score ကျတာ Report ထိတာ ဖြစ်ကြတာက ဆေးကောင်တွေကို စိတ်ဆိုးပြီး ဆေးပြန်ထိုးမိရာက ဖြစ်ပါတယ်။ ဒါကြောင့် တခြားတစ်ယောက်က ဆေးလာထိုးနေရင်တောင် ပွဲပြီးရင် Report ထုဖို့သာပြင်ထားပြီး ကိုယ့်ကိုပါ Report ပြန်မထိရအောင် ကောင်းကောင်းဆော့ပါ၊ ဆေးပြန်ထိုးတာ ထိုင်ဆဲနေတာတွေ မလုပ်ပါနဲ့ (မကြာခဏ ရပ်ရပ်ပြီး စာရိုက်နေရင်လဲ Poor Performance အဖြစ် သတ်မှတ်တက်လို့ပါ။) ကိုယ့်ကို လာဆဲနေတာ ဘာညာဆိုရင်လဲ မတ်ဆေ့ Block ထားလိုက်ပါ အာရုံအနောက်မခံပါနဲ့ ပွဲပြီးရင်တော့ Report ထုဖြစ်အောင်ထုဖို့တော့ မမေ့နဲ့။ ကိုယ်မရည်ရွယ်ဘဲနဲ့ သေတာ များသွားရင်လဲ Feeding အဖြစ်သတ်မှတ်ခံရတက်ပါတယ်။ တမင်သက်သက် Feed နေတာတွေ့ရင်တော့ တစ်ဖက်အသင်းက ဖြစ်ပါစေ Report သာဝိုင်းထုပါ။
လူများများ Report ထုလေလေ Credit Score များများ လျော့လေလေဖြစ်ပြီး Deduction Rate ပါ ကျထားတဲကောင်ဆိုရင် သုံးလေးရက်လောက် Rank ဆော့ခွင့် ပိတ်နိုင်ပါတယ်။ ဆေးကောင်တစ်ကောင် Rank မဆော့ရခြင်းက ကျွန်တော်တို့အားလုံးအတွက် တော်တော်လေး သာယာစေနိုင်တာမို့ ဝိုင်းဝန်းကူညီပြီး Report ထုကြပါ။
ကိုယ်က အမှားမလုပ်ဘဲ System က မှားပြီးလျော့မိတာလို့ထင်ရင် Credit Score အမှတ်ပြန်တောင်းလို့ရပါတယ်။ သေချာပြန်စစ်ပြီး မှန်တယ်ဆိုရင် ပြန်ပေးတယ်လို့ ကြားဖူးပါတယ်။ ( ကိုယ်က တစ်ခါမှ Credit Score အနှုတ်မခံရဖူးတော့ သေချာမသိဘူးရယ် ကြုံဖူးရင် ပြောပြကြပါလား )

ဒါလေးကတော့ စကားတအားများနေတဲ့ကောင်တွေကို Message ဘယ်လို block ရလဲဆိုတာ ပြောပြတာပါ။ player တစ်ယောက်ခြင်းစီဘေးက အဲ့ဒီမတ်ဆေ့ပုံလေးတွေကို တစ်ချက်နှိပ်ပြီး အဲ့လို အနီလေးပေါ်နေရင် Block ပြီးပါပြီ။ ကိုယ့်အသင်းဘက်ကိုသာမက တစ်ဖက်က လေတအားတိုက်နေတဲ့ကောင်ကိုပါ ဘလော့လို့ရပါတယ်။
ပုံမှာဆိုရင် ကိုယ့်ဘက်က Bruno နဲ့ Diggie ကို block ထားပြီး တစ်ဖက်အသင်းက Rafaela ကို block ထားတာဖြစ်ပါတယ်။
အိုကေ ပြောချင်တာလေးတွေက ဒီလောက်ပါပဲ။ Credit Score နဲ့ပတ်သတ်ပြီး မရှင်းတာ၊ သိချင်တာ ရှိေသးရင် Comment မှာ မန့်ခဲ့ပေးပါနော် ….
See You Soon
#Kheprer